collapse
Home / 1875ဗေဒင် / သရဲမြင်ဖူးလား?

သရဲမြင်ဖူးလား?

2022-06-01  Free
သရဲမြင်ဖူးလား?
 
လောကကြီးမှာ ၃၁ ဘုံဆိုတာရှိနေတယ်ဆိုတော့ တစ္ဆေ၊ သရဲလို့ခေါ်တဲ့ မသိသာ မမြင်သာတဲ့ ပရလောကသားတွေရှိနေတဲ့ကိစ္စကို ယုံတယ်၊ မယုံဘူး လွယ်လွယ်ပြောလို့မရပါဘူး။ လေကို မမြင်ရပေမယ့် ပတ်ဝန်းကျင်မှာ သစ်ပင်တွေယိမ်းနွဲ့နေတာကြည့်ပြီး တစ်နည်းနည်းနဲ့လေရှိနေတာကို လက်ခံကြရပါတယ်။​
 
သရဲ၊ တစ္ဆေတွေ တကယ်ရှိနေတာတော့ သေချာပါတယ်။ အထူးသဖြင့် လောလောလတ်လတ် သေဆုံးသွားပြီး ချက်ချင်းမကျွတ်လွတ်နိုင်သေးဘဲ တစ်ခုခု တစ်နေရာရာကို စွဲလမ်းသွားလာ လှုပ်ရှားနေတဲ့ ဝိညာဉ်ဆိုတာတွေ ရှိနေတတ်ပါတယ်။​
 
သရဲ၊ တစ္ဆေ၊ ပြိတ္တာတွေမှာ နေစရာ၊ စားစရာ၊ သွားလာစရာအတွက် အမြဲလိုလို အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် သူတို့တွေ အခက်အခဲဖြစ်လာတဲ့အခါ သူတို့အခက်အခဲ၊ လိုအပ်ချက်တွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့်သူတွေဆီမှာ အကူအညီတောင်းလေ့ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။​
 
ဒီလိုအခက်အခဲတွေကနေ အနည်းငယ်ကူညီနိုင်မယ့်သူရှိရင် အဲဒီလူကို သူတို့အကြောင်းသိစေပြီး သူတို့ အနေ၊ အစားအတွက် အကူအညီတောင်းလေ့ရှိကြပါတယ်။ ကိုယ်ထင်ပြတာမျိုး၊ အသံပေးခြင်း၊ အနံ့ပေးခြင်း၊ အရိပ်အယောင်ပြခြင်း စသဖြင့် သက်ရှိလူသားတွေသိရအောင် ပြသလေ့ရှိပါတယ်။ ​
 
ဆယ်ခါပြပေမယ့် တစ်ခါမြင်ဖို့ မလွယ်ကူနိုင်တဲ့အတွက် မမြင်မြင်အောင်၊ မကြားကြားအောင် လုပ်တဲ့အခါ ရုတ်တရက်ဗြုန်းခနဲ မြင်သွား၊ ကြားသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ လူတွေက ​ဒါကို သရဲခြောက်တယ်လို့ ခေါ်နေကြတာပါ။​
 
အမှန်တော့ သရဲဆိုတာ ကြောက်စရာမဟုတ်ဘဲ သနားစရာပါ။ သူတို့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကနေ ခြောက်လှန့်သလို ဖြစ်သွားရတာမို့ သူတို့ကြောင့် ခြောက်လှန့်သလို ကြုံလာရရင် သာဓုခေါ်၊ အမျှပေးဝေသင့်ပါတယ်။​
 
သရဲ၊ တစ္ဆေဆိုတာ တကယ်တော့မြင်ဖူးသူရှားပါတယ်။ လက်ခံသူတွေရှိကြသလို၊ လက်မခံသူတွေလည်းရှိနိုင်ပါတယ်။ သရဲကိုမြင်နိုင်တဲ့ လူတွေဟာလည်း အနည်းအကျဉ်းပဲရှိပါတယ်။ တချို့ကတော့ "သရဲ၊ တစ္ဆေကိုမြင်ရတဲ့သူတွေဟာ လိပ်ပြာငယ်တဲ့သူတွေ ဖြစ်တယ်၊ ကံဇာတာညံ့နေတဲ့အခါမျိုးမှာ မြင်ရလေ့ရှိတယ်" လို့ ပြောကြတာတွေရှိပါတယ်။ အချို့ကလည်း တစ္ဆေသရဲကို ကံညံ့နေသူတွေသာ တွေ့နိုင်တယ်။ ကံဇာတာမြင့်တက်နေသူတွေ တစ္ဆေသရဲကို မမြင်နိုင်ဘူးလို့ ဆိုကြပြန်ပါတယ်။​
 
ဆိုတော့....သင်ရောသရဲမြင်ဖူးလား?
1875 Bay Din