collapse
Home / ဂမ္ဘီရ / ဂမ္ဘီရအခန်းဆက်များ / မေ့မျောရသောထိုကြောက်စိတ် အပိုင်း(၁)

မေ့မျောရသောထိုကြောက်စိတ် အပိုင်း(၁)

2022-04-08  Free
မေ့မျောရသောထိုကြောက်စိတ် အပိုင်း(၁)
 
ယခု ကျွန်ုပ်ရေးသားမည့် အဖြစ်အပျက် ဇာတ်လမ်းကို ပြောပြသူမှာ ကျွန်ုပ်နှင့်လွန်စွာ ရင်းနှီးသော လက်သမားဆရာ ကိုမြင့်ရွှေဖြစ်၏။ အရပ်အမောင်းကောင်းကောင်း၊ အညိုဘက်သမ်းသည့် အသားအရေက ကြွက်သားစိုင်တို့ ကျစ်ကျစ် လစ်လစ် ကြည့်ပျော်သော မျက်နှာပိုင်ရှင် ကိုမြင့်ရွှေ သည် အသက်ငါးဆယ်ဝန်းကျင်ရှိပြီဖြစ်သော်လည်း များစွာသန်မာနေပေသေးသည်။ ကျွန်ုပ်နှင့်ရင်းနှီးခဲ့ သော ဆယ်နှစ်ကျော်ဝန်းကျင်ရှိပြီဖြစ်သော်လည်း များစွာသန်မာနေပေသေးသည်။ ကျွန်ုပ်နှင့် ရင်းနှီးခဲ့ သော ဆယ်နှစ်ကျော်ဝန်းကျင်၌ ကိုမြင့်ရွှေသည် သူအရွယ်ကောင်းစဉ်ကြုံတွေ့ခဲ့ဖူးသော အတွေ့ အကြုံများကို ကျွန်ုပ်အား မခြွင်းမချန် ပွင့်လင်းစွာ ပြောပြတတ်ပေ၏။ နယ်တကာစုံရောက်ဖူးပြီး အိမ်ထောင်လေးဆက်ကျဖူးသူဖြစ်၏။ အရက်ကို လည်း နှစ်ခြိုက်စွာသောက်တတ်၏။ အရက်ရေချိန် ကိုက်၍ ရီဝေဝေဖြစ်သွားချိန်မှာ ဘာမျှ စဉ်းစား မနေဘဲ ကိုယ်လုပ်ချင်ရာကို ရှုးရှုးဒိုင်းဒိုင်းလုပ်တတ် ၏။ ထိုသို့ထင်ရာ စွတ်လုပ်တတ်သည့် အတွေ့ အကြုံတစ်ခုကို ကျွန်ုပ်အား ရှည်ရှည်ဝေးဝေး ပြောပြ၏။ ယင်းအတွေ့အကြုံသည်ကား ဆေးရုံ ရင်ခွဲရုံ၌ လူသေအလောင်းနှင့် တစ်ညတာအိပ်စက် ဖူးခြင်းပင်။
သူ၏ ပြောပြသမျှကို ကျွန်ုပ်အနေဖြင့် အောက်ပါအတိုင်း ပြန်လည်ဖောက်သည်ချလိုက် ရပါကြောင်း။
၁၉၈ဝ ပြည့်နှစ်ဝန်းကျင်က ဖြစ်၏။ ထိုခေတ် ထိုကာလသည် တောနေရွာသားတို့အဖို့ ကိုယ် လယ်ကိုယ်လုပ်ရင်းအေးချမ်းစွာ ထမင်းတစ်လုပ် ရှာဖွေနိုင်ကြသည်ဖြစ်ပေရာ။ မချမ်းသာသော်လည်း မဆင်းရဲသည့်နေမှုထိုင်မှူဘဝမျိုး ဖြစ်နေပေ၏။ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့ အားကောင်းစွာ မရှိလှသော်လည်း ရပ်ရွာသူသား လူအများတို့သည် ရပ်စိတ် ရွာစိတ်ပြည့်ဝစွာဖြင့် စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ကြသည်ပဲ ဖြစ်ပေသည်။
မအူပင်မြို့နယ်၊ ကျွဲကတ်ရွာသား မောင်မြင့် ရွှေသည် မိဘပိုင်း လယ်ဧကနှစ်ဆယ်ကျော်နှင့် နွားသုံးရှဉ်းကို ကျောင်းရမည်စိုးသဖြင့် . . .
“အဘတို့ကလဲ မိုးတွင်းဆို ဟိုအထဲ ရွံ့တစ်ဆစ်ဝင်ဆောင်းဆို ကောင်းကောင်းမကွေးရ၊ နွေကျ တော့ နွားကျောင်းရနဲ့ မဟုတ်ဘူးဗျာ၊ ကျုပ် တစ်ခြားအလုပ်တစ်ခုပဲ လုပ်ချင်တယ်”ဟု စူစူအောင့်အောင့် ပြောလိုက်၏။
“ငါ့သား မင်း လယ်အလုပ် တကယ်မလုပ်ချင် ဘူးလား”
“မောင်မြင့်ရွှေ၏ ဖခင်ကြီးက ကွမ်းအစ်ကြီး ရှေ့ချ။ တင်ပလ္လင်ခွေထိုင်ရင်း တည်ငြိမ်သော မျက်နှာထားဖြင့် စကားကို ပီသစွာဖြင့် မေးလိုက်၏။
“သား • • • တကယ်မလုပ်ချင်ဘူး အဘ”
“ဟုတ်ပြီ ဒါဆိုအဘတတ်ထားတဲ့ အဆောက် အဦဆောက်တဲ့အတတ်၊ ဗီရို၊ သေတ္တာ လုပ်တဲ့ အတတ်၊ လှည်းဘီးလုပ်တဲ့အတတ် ဆိုပါစို့ လက်သမားပညာပေါ့ကွယ်၊ အဘ သားကို သင် ပေးမယ်။ သင်မှာလား”
ထိုစဉ်မှစ၍ လယ်အလုပ်မလုပ်ချင်သော မောင်မြင့်ရွှေသည် သူ့ဖခင်သင်ကြားပေးသော လက်သမားအတတ်ကို စတင်သင်ယူခဲ့ရပေတော့၏။ တစ်နှစ်အတွင်းမှာ ချက်ခြင်းပြောင်းဆိုသည် ကဲ့သို့ မောင်မြင့်ရွှေသည် ကျွဲကတ်ရွာ၏အကောင်း ဆုံး . လက်သမားဆရာကြီးဖြစ်သွားလေတော့၏။
“ဆရာ • • • ကျွန်တော့်အိမ်လေး အဖီကို သစ်နဲ့ ပြင်ချင်တယ်”
“ဆရာ …..အိမ်မကြီးကို ငုံပြီး အသစ်ဆောက်ချင်တယ်”
“ဆရာ • • • ဆရာ့စိတ်ကြိုက်ပုံစံထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောက်ပေးစမ်းပါ။”
စသည်အားဖြင့် မောင်မြင့်ရွှေအား ကျွဲကတ် ရွာနှင့် ရွာနီးချုပ်စပ်များက ဆရာခြင်းထပ်နေလေ တော့သည်။ မောင်မြင့်ရွှေကလည်း အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်ဖြစ်လေရာ ကျွဲ ကတ်ရွာ၏ လက်သမားဆရာ “မောင်မြင့်ရွှေ၏ နာမည်တစ်လုံးသည် ရပ်တိုင်းရွာတိုင်း ဟိုးဟိုး ကျော်သွားပေတော့၏။
လူ၌ အမည်တစ်လုံးသည် အရေးကြီးလှပေ ရာ လက်သမားဆရာကောင်း မောင်မြင့်ရွှေသည် အနယ်နယ်သို့ လှည့်လည်၍ အဆောက်အဦများ ကို လက်မလယ်အောင် ဆောက်လုပ်နေရပေတော့၏။
“ကျွန်တော်တို့ ရွာရဲ့ တိုက်နယ်ဆေးရုံ တိုးချဲ့ ဆောင်ဆောက်ဖို့ ဆရာကို အစအဆုံးအပ်ပါတယ်၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါ။ ငွေ ကြေးကိစ္စမပူပါနဲ့ တစ်ပတ်လောက်တော့ အချိန် ယူရမယ်ထင်တယ်။ တိုက်နယ်ဆေးရုံက လူနာ သိပ်မရှိပါဘူး၊ ဆေးရုံ ရုံးခန်းထဲမှာ ဆရာတို့အဖွဲ့ လွတ်လွတ်လပ်လပ် တည်းခိုလို့ရပါတယ် စားဖို့ သောက်ဖို့ ရွာက စီစဉ်ပေးပါမယ်။
လုပ်ငန်းကြီးတစ်ခုရလိုက်ပြီမို့ မောင်မြင့်ရွှေ သည် မိမိ၏ ကူဖော်လောင်ဖက် ကိုသန်းစိန်ကို အဖော်ခေါ်ယူလျက် ထွက်ခွာလာခဲ့လေ၏။ ရွာသည် မြို့ငယ်တစ်မြို့နယ်ဖြစ်၏။ အိမ်ခြေထောင်ကျော်ရှိ ပြီး စာတိုက်၊ အထက်တန်းကျောင်း၊ ဈေး၊ ဆေးရုံ စသည်တို့ရှိ၏။ ကားလမ်းဘေးတစ်ဖက်စီ မေးတင် ထားသော ရွာတန်းရှည်ကြီးဖြစ်၏။ တိုက်နယ် ဆေးရုံသည် ရွာ၏ အစွန်ဆုံး၌ရှိ၏။ လူနေအိမ်ခြေတို့ နှင့် အနည်းငယ်အလှမ်းကွာသော လယ်ကွင်းပြင် ထဲ ဆောက်လုပ်ထားခြင်းဖြစ်၏။ ဆေးရုံသက်တမ်း မှာလည်း လေးငါးနှစ်မျှသာရှိသေးသည်ဆို၏။ သို့ရာတွင် ဆေးရုံတစ်ရုံ၏ အင်္ဂါရပ်နှင့် အတန်ပင် ပြည့်စုံလှပေသည်။
မောင်မြင့်ရွှေနှင့်အဖွဲ့ တာဝန်ယူဆောက်လုပ် ရမည့် တိုးချဲ့ဆောင်သည် ပင်မအဆောက်အဦနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပြီး ဆေးရုံ၏ ရင်ခွဲရုံနှင့် နီးစပ်နေသည်။
မောင်မြင့်ရွှေသည် ရောက်ရှိသည့်နေ့မှစ၍ တာဝန်ရှိသူများနှင့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းပြီး လျှင် စတင်ဆောက်လုပ်လေ၏။ လူကြမ်းနှစ် ယောက်ကို ရွာခံနှစ်ဦးအား ခေါ်ယူခိုင်းစေပြီး နေ့စား ရှင်းပေး၏။ ညပိုင်းမှာမူ ဆေးရုံ ရုံးခန်း၌ ကိုသန်းစိန် နှင့် နှစ်ယောက်တည်းအိပ်စက်၏။ သုံးလေးရက်မျှလုပ်ငန်းစမိလျှင် အဆောက်အဦ အကြမ်းထည်ပြီးစီးသွား၏။ အလုပ်ကို အာရုံစိုက်နေသဖြင့် ဆေးရုံတွင်းသို့ လှည့်လည်ကြည့်ရှုခြင်းမရှိခဲ့ဘဲ မည်သူနှင့်မျှလည်း ရင်းနှီးခြင်းမရှိခဲ့ချေ။ သို့ရာတွင်လေးရက် မြောက်သောနေ့၌ မောင်မြင့်ရွှေတို့ လုပ်ငန်းခွင်သို့ ကွမ်းတဗျစ်ဗျစ်ဝါးရင်း အပျင်းပြေ လာကြည့်နေသော အသက်ခြောက်ဆယ်ဝန်ကျင် ကုလားကြီးတစ်ဦးနှင့် စတင်စကားပြောဖြစ်ခဲ့၏။
“အနည်းကြီးက ဒီဆေးရုံဝန်ထမ်းလား”
“အင်း ဟုတ်သပ၊ ဆေးရုံစဖွင့်ကတည်းက တာဝန်ထမ်းလာတာ”
“ဘာတာဝန်လဲ အနည်းကြီးရဲ့”
“ဘယ်လိုပြောရမလဲကွာ၊ အထွေထွေဝန်ထမ်း လို့ ပြောရမလား၊ အောက်ခြေသိမ်းအကုန်လုပ်ရတယ်။ အထူးသဖြင့် ငါတာဝန်ယူရတာ ရင်ခွဲရုံ ရောက်လာတဲ့ အလောင်းကို ဆရာဝန်စစ်ချက် ယူတဲ့အခါ ရင်ခွဲပေးရတဲ့ အလုပ်ပဲ”
ကုလားအဖိုးကြီးကို မောင်မြင့်ရွှေ တော်တော် စိတ်ဝင်စားသွားသည်။ သူသေကို ရင်ခွဲသည့်အလုပ် ဆိုသဖြင့် နည်းနည်းတော့ ကြက်သည်းထသွား သည်။ ကုလားအဖိုးကြီး၏ မျက်နှာကတော့ ရက်စက်ကြမ်းကြုတ်မည့်ဟန် လုံးဝမရှိ၊ ရိုးရိုးအေး အေး ပုံစံမျိုး။
“အနည်းကြီးရဲ့ နာမည်က ဘယ်လိုခေါ်လဲ”
“ဗမာနာမည်က မောင်စိန် ကုလားလိုတော့ အလကပ္ပ တဲ့ အားလုံးက ဦးမောင်စိန်လိုပဲ ခေါ် ကြတယ်။ ဒီလိုခေါ်တာ ငါက သဘောကျတယ်။ ငါက မွတ်ဆလင်ကုလားမဟုတ်ဘူး၊ ဟိန္ဒူကုလား နွားတွေ၊ ဆိတ်တွေ မသတ်ဖူးဘူး၊ ဒါပေမယ့် ဘယ်လို ရှေးရေစက်ကြောင့်လည်း မသိဘူး၊ လူ သေကောင်ဗိုက်ခွဲတဲ့ အလုပ်လာလုပ်နေရတယ်။ အသေကောင်တော့ အသေကောင်ပေါ့ကွာ၊ ဒါပေမယ့် လူစင်စစ်ကြီးကို ရက်ရက်စက်စက် ဗိုက်ခွဲရတာ မကောင်းဘူးကွ၊ လုပ်လက်စမို့ လုပ် နေတာ သိပ်လုပ်ချင်တာ မဟုတ်ဘူး၊ သေသွားတဲ့ ဝိညာဉ်က ငါ့ကို ကျိန်ဆဲနေမှာပဲ။
“ဝိညာဉ်ဆိုတာ သရဲတစ္ဆေကို ပြောတာ မဟုတ်လား၊ အနည်းကြီးက တစ္ဆေသရဲ တကယ် ရှိတယ်လို့ ယုံကြည်လား”
“ဟ... ဘယ့်နှယ်ပြောပါလိမ့်၊ သိပ်ယုံတာပေါ့၊ ငါကိုယ်တိုင်တစ္ဆေခြောက်ခံရတဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး“
အနည်းကြီး ညနေစောင်းကျ အားတယ် မဟုတ်လား၊ နောက်ပြီး အရက်ရော သောက်တတ် လား၊ ဒီကိုပဲ ပြန်လာခဲ့ဗျာ၊ အမြည်းကောင်းကောင်း စီမံပြီး အနည်းကြီးတစ္ဆေခြောက်ခံရပုံကို သောက်ရင်း စားရင်း နားထောင်ဖို့ စောင့်နေမယ်”
အရက်ဆိုသော စကားသံကို ကြားလျှင်ကြား ချင်း ကုလားအဖိုးကြီး၏ မျက်နှာဝင်းပသွားသည်။
အကြိုက်ချင်းတူသူများ ဖြစ်နေသဖြင့် နှစ်ခါမချိန်း ဆိုရပဲ နေမဝင်မီမှာဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာလေသည်။ ကိုသန်းစိန်က နေ့လယ် ကတည်းက မောင်မြင့်ရွှေကို ဝင်ကူခြင်းမပြုရတော့ ဘဲ ရွာဈေးသို့သွားကာ ချက်အရက်လေးလုံးနှင့် မြည်းကောင်းမည့် အစားအသောက်တို့ ဝယ်ယူကာ ညနေစောင်းသည်ထိ ချက်ပြုတ်ကြော်လှော်နေပေတော့၏။
အကြမ်းထည်ပြီးနေပြီဖြစ်သော ဆောက်လက်စ ကျောင်းထဲမှာပင် နေရာထိုင်ခင်းကျနစွာပြင်ဆင်၍ သုံးယောက်သား ဝိုင်းဖွဲ့ကြလေသည်။ သုံးယောက်လုံး အရက်ကြိုက်ကြသူများဖြစ်ပေရာချက် အရက်တစ်လုံးသည် တစ်ခါလှည့်ရုံနှင့် ကုန် သွားလေ၏။ အရက်တစ်စိတ်တစ်ပိုင်း ဝင်သွားပြီး နောက်တွင်တော့ အာစလျှာစလည်များစွာရွှင်လာ လေသည်။
“ဒီလိုကွ တစ္ဆေခြောက်ခံရတာကို တချို့က ကံနိမ့်နေလို့ဆိုပြီး ပြောကြတယ်။ ဒီအတိုင်းသာဆို ငါ ခဏခဏကံနိမ့်နေတော့တာပဲ တစ္ဆေခြောက်ပုံ တွေက အမျိုးမျိုးရှိတယ်ကွ၊ အရိပ်အယောင်ပြတာ၊ အသံပေးတာ အနံ့ပေးတာ စသည်ဖြင့်ပေါ့ ငါကတော့ ခြောက်နည်းမျိုးစုံကို အကြိမ်ကြိမ်အခြောက် ခံဖူးတာ နောက်ပြီး သရဲမီးလုံး စုန်းမီးလုံးဆိုတာ မင်းတို့ မြင်ဖူးလား ငါကတော့ ဒီရွာကိုရောက်ပြီးမှ ရွာဖျားလက်ပံပင်ကြီးပေါ်မှာ ဆန်ကောလောက်ရှိတဲ့ မီးလုံးနီနီကြီး ဆင်းချည်တက်ချည် လုပ်နေတာ မြင်ရဖူးတယ်”
“ဘယ်အချိန်မြင်ဖူးတာလဲ”
“ညကိုးနာရီလောက်ကွ၊ ငါတစ်ယောက် တည်း လမ်းလျှောက်ပြန်ရင်း အမှတ်မထင်ကြည့်မိ ရာက တွေ့ဖူးတာ လူသံသူသံ . တိတ်နေချိန်မို့ မီးလုံးကြီးဆီက တရှပ်ရှပ်အသံတောင်ကြားရတယ်၊ ငါလည်းမတ်တပ်ရပ်ပြီး ကြက်သေသေသွားတာပေါ့၊ ခေါင်းနပမ်းကြီးပြီး ကြက်သည်းလည်းထသွားတယ်။ တော်တော်ကြာမှ သတိဝင်ပြီး၊ အမလေး သူရဲ ခြောက်တယ်ဗျလို့ သံကုန်ဟစ်ရင်း ရွာထဲဝင်ပြေး တယ်၊ ရွာသားအချို့ထွက်လာပြီး စပ်စုကြတယ်၊ သူတို့တွေပါမြင်ကြရတယ်၊ သရဲမီးလုံးက နာရီဝက် ကျော်ကျော်လောက်ထိရှိနေတယ်ကွ၊ နောက်ရက် တွေမှာ မကြောက်တတ်တဲ့ ရွာသွားအချို့စုပြီး သွားချောင်းပေမဲ့ မမြင်ရတော့ဘူး၊ ငါထင်တာတော့ သရဲတစ္ဆေ ဆိုတာတစ်နေရာတည်း မနေဘဲ ဟိုပြောင်း .. ဒီရွေ့နေတတ်တယ် ထင်ပါရဲ့ “
ကုလားကြီးဦးမောင်စိန်က သူ့အတွေ့အကြုံသရဲခြောက်ခံရပုံတွေကို စီကာပတ်ကုံးပြောပြလေရာ မောင်မြင့်ရွှေနှင့် ကိုသန်းစိန်လည်း အရက်သောက်လိုက် အမြည်းစားလိုက်ဖြင့် ... ရီဝေစွာ နားထောင်နေဖြစ်လေသည်။
မောင်မြင့်ရွှေက “တစ္ဆေရှိမရှိ ကျွန်တော်တော့ မမိဘူး။ ဒါပေမယ့် တစ္ဆေဆိုတာ ကြောက်စရာ အကောင် မဟုတ်တာတော့ သေချာတယ် ဖြစ်နိုင်ရင် သရဲနဲ့တောင် နပမ်းဖက်လုံးပြချင်သေး”ဟု ခပ်ကြွားကြွားပြောလိုက်လေရာ ဦးမောင်စိန်က-
“အဲဒီလောက် အပြောမကြီးနဲ့ မောင်ရင် မကြောက်ဖူးဆို ဟို ရင်ခွဲရုံထဲမှာ တစ်ညလောက် တစ်ယောက်တည်းအိပ်ရဲလား”
ဟု သွေးထိုးစမ်း လိုက်၏။ ညမှောင်ကာစ လရောင်ဖျော့ဖျော့ကြား၌ ရင်ခွဲရုံ ခပ်သေးသေး လေးသည် ငြိမ်ကုတ်စွာရှိနေလေ၏။
ဆက်ပါဦးမည် . . .
ဘုန်းမြတ်သာခေါင်