ရန်ကုန်မြစ်ကို ဖြတ်သန်း၍ တဖျတ်ဖျတ် တိုက်ခတ်လာသည့် လေပြည်လေမြူးကလေးမှာ ရှိန်းရှိန်းမြမြ အေးလောက်ရုံ နုနုနော့နော့ ညင်ညင် သာသာ တိုက်ခတ်နေသည်။
မြစ်လယ်ခေါင်တွင် ကျောက်ချရပ်နား ထားသည့် ပင်လယ်ကူး သင်္ဘောကြီးတစ်စီးမှာ မလှုပ်မယှက် ငုတ်တုတ်ကြီးရှိနေသည်။ အဖြူ နှစ်ရစ်အလယ်တွင် အနီရစ်ကြီး တစ်ရစ်ရစ်ပတ် ထားသည့် သင်္ဘောကြီး၏ ခေါင်းတိုင်မှ တငွေ့ငွေ့ ထွက်နေသော မီးခိုးတန်းမှာ ကောင်းကင်ပြာဆီသို့ ထိုးတက်သွားနေသည်။
ရေလယ်ခေါင်တွင် ကျောက်ချ ရပ်ထားသည့် ပင်လယ်ကူးသင်္ဘောလောက် မကြီးသော ကမ်းရိုးတန်း သွားသင်္ဘောတစ်စီးမှာ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း တံတားကို မေးတင်ရပ်ထားသည်။
သင်္ဘော၏အမည်မှာ အက်(စ်) အက်(စ်)မဟာရာဂျာ။သင်္ဘော ဦးထိပ်ဘက်တွင် နေရာယူထားသည့်….SS. MAHARRAJA စာလုံးဖြူကြီးများမှာ ထင်းထင်း ပပ ရှိနေသည်။
နေရောင်ခြည်မှာ ဝံ့ဝံ့မြူးမြူး မထွက်ပြူသေးဘဲ ထွက်ပြူရန် အားယူနေဆဲ။
နွေးထွေးမှု၏ ရောင်ခြည်မှာ နံနက်ခင်း အေးမြမှု၏ အလှအပကို မသိမ်းပိုက်သေးဘဲ သိမ်းပိုက်ရန် အားယူနေချိန်။
ဆိပ်ကမ်းတစ်ဝိုက်တွင် လမ်းလျှောက်နေသူ အနည်းငယ်သာ ရှိ၍ ရှင်းလင်း တိတ်ဆိတ်နေ၏။ သမ္ဗန်ခတ်တက်နှင့် ခတ်တက် ချည်ကြိုး ပွတ်တိုက်သံမှ ထွက်လာ သည့် တကျွီကျွီ မြည်သံမှလွဲ၍ပတ်ဝန်းကျင်တစ်ခုလုံးကိုတိတ်ဆိတ်မှုက လွှမ်းမိုးထားသည်။
ခါတိုင်း ထိုနေရာဝန်းကျင်တွင် လတ်ဆတ်သော မြစ်လေကို ရှူရင်း လမ်းလျှောက်နေကြသည့် ဘိုထီး ဘိုမ နှစ် စုံ၊ သုံးစုံတွဲ ရှိတတ်သလို၊ ပြောင်လက်နေသော ရှူးဖိနပ်၊ ရိုးတိုက်ထွက် ဖလန်နယ်လုံချည် နှင့် သက္ကလပ်အပေါ် အင်္ကျီဝတ်၍ မာဖလာအကြားကြီးကို လည်ပင်း တွင်ပတ်ပြီး တုတ်ကောက်ကို ဟန်ပါပါ လွှဲလျက် လမ်းလျှောက်နေသည့် မြန်မာလူမျိုးနှစ်ယောက်စ သုံးယောက်စသာ ရှိနေတတ်သည်။
၁၉၂၅ ခုနှစ်။
ထိုစဉ်အချိန်က ရန်ကုန်မြို့တွင် မော်တော်ကားထက် မြင်းနှစ်ကောင် တပ်ဒေါက်ကတ်ကြီးများကို အသား ယူပြီး စီးနေသောကြောင့် ကမ်းနား လမ်းတွင် ဆူဆူညံညံမရှိသော်လည်း ဓာတ်ရထားများ သွားလာသည့် မောင်ဂိုမာရီလမ်း (ယခုဗိုလ် ချုပ်လမ်း)တွင် အသံပလံများ ဆူဆူ ညံညံ ထွက်ပေါ်နေတတ်သည်။
စက်တင်ဘာလ (၂၁)ရက်နေ့။
ရာသီဥတုမှာ သာယာနေ သည်။ မိုးသားရိပ် မကင်းသော တိမ်လွှာများမှာ ရွေ့လျားနေသော်လည်း အမှောင်ရိပ်သန်းလုအောင် တိမ်တိုက် တိမ်လိပ်များ ထူထူ ထပ်ထပ်ရှိမနေပေ။
ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ကမ်း အနီးပတ်ဝန်းကျင်တွင်ခါတိုင်းလို လမ်းလျှောက် နေသူများ အပြင် ဝတ်စားဆင် ယင်မှုချို့တဲ့ သည့် လူအုပ်စုတစ်စုမှာ ထိုအနီးနား ပတ်ဝန်းကျင်၌ စုစုဝေးဝေး ရှိနေကြ သည်။
သူတို့၏ မျက်နှာများမှာ ဝံ့ဝံ့ ထည်ထည်မရှိ၊ ညှိုးနွမ်းရိပ်များ ထင်ဟပ်လျက်။ကြောက်ရွံ့နေသည့် ဟန်မှာလည်း သူတို့၏မျက်လုံးများတွင် မဖုံးသာ မကွယ်သာအောင် ပေါ်လွင်လျက်ရှိချေ၏။
သူတို့လူအုပ်မှာ ဆူဆူညံညံ စကားပြောမနေသော်လည်း တိုးတိုး တိတ်တိတ် စကားပြောနေကြသည်။ တစ်စုံတစ်ရာကို စောင့်မျှော်နေဟန်ဖြင့် လည်ပင်း တစ် ထောင်ထောင် ရှိနေကြသည်။
နှစ်ဦးစ သုံးဦးစသာ ဝတ်စား ဆင်ယင်မှု သားသားနားနား ရှိကြသည်။
ဦးပဉ္စင်းနှစ်ပါးမှာ လူအုပ်နှင့် မနီးမဝေးတွင် ရပ်ရင်း စကားပြောနေကြ၏။
လမ်းလျှောက် နေသူများမှာ နေ့တိုင်းမြင်ရသည့် မြင်ကွင်းနှင့် မတူသည့် ထူးခြားသော မြင်ကွင်းကြောင့် ဘာဖြစ်နေကြပါလိမ့်မည်လဲဟု စူးစမ်းသလိုကြည့်ပြီး တစ်ဦး နှင့် တစ်ဦး မျက်လုံး အမေးစကား ဖြင့် ဝပ်သဟဲ(လ်) ဖြစ်နေကြသည်။
ထိုစဉ်မှာပင် လော်လီကားကြီး တစ်စီး ဆိပ်ကမ်းထဲသို့ ဝင်လာသည်။ ဆိပ်ကမ်းအဝင် ဘေးတံခါး ပေါက်နားတွင် ထိုးရပ်သွားသော လောလီကားကြီးပေါ်၌မတူညီသော အရောင်နှစ်ရောင် တွဲစပ်လာသည် ကို တွေ့လိုက်ကြရသည်။
ကာကီယူနီဖောင်းဝတ် ထောင်ထောင်မောင်းမောင်း သေနတ်ကိုင်ပန်ချာပီစစ်သားကြီးများမှာ ဦးထုပ် ထိပ်ဖူးနီကြီးများနှင့် ထည်ထည်ဝါဝါ ရှိနေသော်လည်း သူတို့ ခြံရံထားသည့်ကား အလယ်ခေါင်တွင် အတွဲ လိုက်ထိုင် နေကြသည့် အဝတ်ဖြူဝတ် ခေါင်းတုံးရိတ်ထားသူများ၏ ဟန်မှာ မထည်ဝါ သိမ်ငယ်ဟန် လွှမ်းထင်လျက်။
စောင့်နေသော လူစုကြီးမှာ လည်ပင်း တစ်ထောင်ထောင်ဖြစ် နေကြသော်လည်း ကားအနားသို့ မကပ်ရဲ။ ခပ်လှမ်းလှမ်းကပဲ ကြည့် နေကြရသည်။
ဂျာစီလည်ဝိုက်အင်္ကျီနှင့် နံငယ်ပိုင်း လုံချည်အဖြူ ဝတ်ထားသူများ ကားပေါ်ကဆင်းသည့်အခါ သူတို့ ဘာသာမဆင်းနိုင်ဘဲ စစ်သားများက တစ်ယောက်စီတွဲ၍ ချပေးရသည်။ တချွင်ချွင်၊ တချွမ်ချွမ် မြည်သံများ ပတ်ဝန်းကျင်တွင် လှုပ်ခတ်သွား၏။
ဒေါက်ခြေချင်း ခတ်ထားသည့် အကျဉ်းသားများ။စုစုပေါင်း နှစ်ဆယ့်သုံးယောက်။ သူတို့ အထဲတွင် အသက် လေးဆယ်ဝန်းကျင် နှစ်ဦးသာ ပါ၍ကျန်လူများမှာ နှစ်ဆယ်ကျော်၊ သုံးဆယ် ဝန်းကျင် အသက်အရွယ် ရှိသူများ ဖြစ်ကြ၏။
ဒေါက်ခြေချင်း ခတ်ခံထားရသူ အကျဉ်းသားများမှာ ခြေထောက်တွင် ဒေါက်တန်းခံပြီး ခတ်ထား သည့် ခြေချင်းတွဲ သံကြိုးများကို လက်တစ်ဘက်က ကိုင်လျက် အခြား လက်တစ်ဘက်က လွယ်အိတ်များ အထုပ်ကလေးများကို ကိုင်ထားကြ၏။
စကားပြောသံနှင့် ငိုရှိုက်သံများ တစ်ပြိုင်တည်း ထွက်လာ သည်။ သူတို့ကိုတွေ့ဖို့ လာစောင့် နေသူများမှာ အနားကပ်၍ စကား ပြောခွင့်မရ။ ခပ်လှမ်းလှမ်းကပဲ စကားပြောကြရသည်။
စကား ပြောရသည့် အချိန်မှာ မများ၊ အလွန်ရှိလှမှ ဆယ်မိနစ်။ အကျဉ်းသားများထဲမှ တစ် ယောက်သော အကျဉ်းသားက စစ်ဗိုလ်ဖြစ်သူအား အင်္ဂလိပ်လို ပြောတော့မှ လာစောင့်နေသူများကို ငါးမိနစ် အနားလာခွင့်ပေးသည်။
သည်တော့မှ သူတို့တွင် ပါလာသည့် စားစရာများနှင့် ငွေကြေး များကို ကိုယ်ထိလက်ရောက်ပေး ခွင့်ရကြသည်။ ကျစ်ကျစ်ပါအောင် လိမ်ထားသောငွေစက္ကူလိပ်ကလေး များ၊ ဒင်္ဂါးပြားများ၊ အကြွေထုပ် ကလေးများမှာ အကျဉ်းသားတို့၏ လက်ထဲသို့ ရောက်သွားသည်။
စစ်ဗိုလ်ဖြစ်သူအား အင်္ဂလိပ်လို ပြောလိုက်သူမှာ အကျဉ်းသား များထဲမှတစ်ဦးတည်းသော အင်္ဂလိပ်စကား ပြောတတ်သူဖြစ်၍ ရာဇဝတ်သားများကို ဖမ်းဆီးရသူ ရာဇဝတ် အုပ်ဘဝမှလူသတ် တရားခံ ဖြစ်ပြီး တစ်ကျွန်းသို့ လိုက်ပါရမည့် ခေတ်ပညာတတ် အကျဉ်းသားကြီးဖြစ်၏။သူ့ကျေးဇူးကြောင့် တစ်ကျွန်း သို့သွားရမည့် အကျဉ်းသားများမှာ ငွေကြေးပစ္စည်း ပေးကမ်းမှုကို ရယူ သွားကြရသည်။
ကားပေါ်မှ ဆင်းလာသူ အကျဉ်းသား နှစ်ဆယ့်သုံးယောက် စလုံးမှာ ပြုံးနိုင်၊ ရယ်နိုင်သူ တစ် ယောက်မှမပါ။ စကားကိုပင် ဟက်ဟက်ပက်ပက် မပြောနိုင်ကြ။ ပြော သမျှမှာလည်း ထစ်ထစ်ငေါ့ငေါ့။ သူတို့အားလုံး၏ မျက်နှာများမှာ ညှိုးနွမ်းနေကြသည်။ သူတို့၏ ကိုယ်နေဟန်ထားမှာ လျော့ရိ လျော့ရ်။အညှိုးနွမ်းဆုံး မျက်နှာရှင်ကို ပြပါဆိုလျှင်ထိုစဉ်အချိန်က အကျဉ်းသားကြီးများ၏ မျက်နှာကို ပြသရ ပေမည်သာ။
သူတို့အားလုံး၏ မျက်အိမ်ထဲ တွင် မျက်ရည်များ ဝေ့လည်နေသည်။ ဝေ့လည်နေသည့် မျက်ရည်များ စီးမကျအောင် ခဲခဲကတ်ကတ် ထိန်းနေကြရ၏။ငိုရှိုက်သံများမှာ သဲ့သဲ့ ထွက်နေသည်။
ဆိပ်ကမ်းတွင် စုဝေးရောက် ရှိနေကြသူများထဲမှ မိန်းမသားများမှာ မျက်ရည်ကို မထိန်းနိုင်ရုံမက၊ အသံကိုပါ မထိန်းနိုင်ကြပေ။ သူတို့ ထံမှ ထွက်နေသည့် အသံများမှာ သဲသဲငြင်းငြင်းသာ ရှိနေသော်လည်း အကျဉ်းသားကြီးများ၏ နှလုံးသား ပေါ်သို့ ရိုက်ခတ်သံမှာမူ ပြင်းထန်လှဘိ၏။
နုနယ်သော နှလုံးသားများကို မာကြောချွန်ထက် သောဆူးနှင့် တပေါက်ပေါက် ဆစ်ပေါက်နေ သည်သို့ ခံစားနေရမည်ထင်သည်။
မိဘ၊ သား၊ မယား၊ ဆွေမျိုးများနှင့် ဘယ်သော အချိန်အခါတွင် ပြန်လည်တွေ့ဆုံရမည်ကို မပြော နိုင်သလို အမိမြေကို ဘယ်အချိန် ကာလတွင် ပြန်နင်းခွင့်ရမည်ကို မခန့်မှန်းနိုင်ရာသော အကျဉ်းသားများနှင့် သေကွဲ မကွဲရပါဘဲ ရှင်ကွဲ ကွဲရမည့် လင်သား၊ မောင်ဘွား သားသမီးများကို လာရောက်တွေ့ဆုံ နေကြသူများ၏ တွေ့ဆုံပွဲမြင်ကွင်း မှာ ကြည်နူးစရာ၊ ပီတိဖြစ်စရာ၊ ဝမ်းသာစရာ၊ မိန့်မူစရာ ဘယ်သို့ လျှင် ရှိမှာပ။
ကြေကွဲစရာ၊ ဝမ်းနည်းစရာ၊ အားငယ်စရာများသာ လွှမ်းထင် နေ၏။ကြေကွဲစရာ အဖြစ်ရဆုံး ဟု မှတ်တမ်းတင်ရမည့် မြင်ကွင်းမှာ အကျဉ်းသားများက မိဘ၊ ဦးကြီး၊ ဘကြီးများကို လမ်းပေါ်မှာပင် ခက်ခက်ခဲခဲ ဒူးတုတ်ထိုင်လျက် ကန်တော့ကြခြင်းနှင့် လာတွေ့သူ များကလည်း အကျဉ်းသားထဲက မိဘ၊ အစ်ကို၊ မောင်ဘွားများ ကို အပြင်အလှန် ကန်တော့ကြသည့် မြင်ကွင်းပင် ဖြစ်ပေသည်။
ဦးပဉ္စင်းနှစ်ပါးကိုမူ အကျဉ်းသား အားလုံးက ကန်တော့ကြ၏။ ဆုပေးသံကား ထွက်မလာ။ “စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် တစ်လုံးတစ်ဝ တည်းပြည့်စုံ၍ ခလုတ်မထိ ဆူးမငြိဘဲ ဘေးမသီရန်မခ လိုရာခရီးကို အောင်မြင်စွာ ရောက်နိုင်ကြပါစေ”ကဲ . . . တစ်ကျွန်းသွားရတော့ မည့် အကျဉ်းသားကို ဒီလိုဆုပေးလို့ ဖြစ်ပါ့မလား။ မဖြစ်။
“သည်မိ၊ သည်ဘ၊ သည် သားသမီး ဆွေမျိုးညာ တကာများ နှင့် သိုက်သိုက်ဝန်းဝန်း အိုအောင် မင်းအောင် ပျော်ပျော်ရွှင်ရွှင် နေနိုင် ကြပါစေ”သည်ဆုတောင်းလည်း ပေးလို့မဖြစ်။
“ရည်မှန်းရာ အလုပ်အကိုင် များ အဆင်ပြေ ချောမွေ့၍ ရာထူး ဌာနန္တရများ တိုးတက်ပြီး အလှူကြီး အတန်းကြီးများ ပေးနိုင်သည့် ဒါန ပါရမီရှင်ကြီးများ ဖြစ်ကြပါစေ” ဒါလည်း သူတို့နှင့်မကိုက်။
ဒီတော့ - - - “ကျန်းမာကြပါစေ” ဟူသော အတိုချုပ် ဆုတောင်းသာ ပေးလိုက် ရသည်။
“ကျန်းမာကြပါစေ” နှင့် တစ် ဆက်တည်း“ချမ်းသာကြပါစေ” ကိုပင် ချန်ထားလိုက်ရသည်။
ဆိပ်ကမ်းအတွင်းသို့ ဝင်သွား ကြသူများ၏ မျက်နှာများမှာ သမင် လည်ပြန် ဖြစ်နေကြသည်။ သို့သော် ကြာကြာလည်း မပြန်နိုင်ပါ။ ဝင်း တံခါးကြီး ပိတ်သွားသည်နှင့် သူတို့ က အပြင်ကလူတွေကို မမြင်ရတော့ သလို အပြင်ကလူတွေ ကလည်း သူတို့ကို မမြင်ရ တော့ပေ။
သူတို့ နှစ်ဆယ့်သုံးယောက် တွင် တစ်သက်တစ်ကျွန်း ကျသူ အကျဉ်းသားက ခုနစ်ယောက်၊ နှစ်ကြီးအကျဉ်းသား တစ်ဆယ် ခြောက်ယောက်ပါဝင်ကြရာ နှစ်ကြီး အကျဉ်းသား တစ်ဆယ်ခြောက် ယောက်မှာ အချိန်စေ့ရောက်လျှင် အမိမြေကို ပြန် နင်းခွင့်၊ မိဘဆွေမျိုး သားမယားနှင့် ပြန်လည်တွေ့ဆုံခွင့် အတွက် မျှော်လင့်ချက်ထား နိုင်ကြ သူများဖြစ်ကြ၏။
ကျန်ခုနစ်ယောက်မှာမူ အမိ မြေကို ပြန်နင်းခွင့်၊ မိဘ ဆွေမျိုး သားမယားများနှင့် ပြန်လည်တွေ့ဆုံ ခွင့်အတွက် မျှော်လင့်ချက် ရေးရေး ပျပျသော်မှ မထားနိုင်ကြပါလေ။
တစ်ကျွန်းသို့ သွားရမည့် အကျဉ်းသား နှစ်ဆယ့်သုံးယောက်မှာ အက်(စ်)အက်(စ်)မဟာရာဂျာ သင်္ဘောပေါ်သို့ တက်လိုက်သည် နှင့် ထိန်းထားရသော မျက်ရည်များ အံကျလာသည်။ အမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာတစ်ခုကို ရင်ထဲမှာ နင့်ကနဲနေအောင် ခံစား လိုက်ကြရသည်။
အမိမြေနှင့် သူတို့ခြေထောက် လွတ်သွားသည့်အခါ ခံစားလိုက် ရသည့် ဝေဒနာဘယ်သို့ ခံစား ရသည်ကို သူတို့ ပြန်မပြောနိုင်ကြပေ။
တစ်ကျွန်းသို့ လိုက်ပါခွင့် အတွက် မိမိသဘော ဆန္ဒအတိုင်း လျှောက်လွှာတင်ပြီး လိုက်ခဲ့ကြသူ တစ်ဆယ့် ခြောက်ယောက်မှာ အမှား ကြီးမားလေပြီဟူသော အသိ ကြောင့် သူတို့၏ နှုတ်ဖျားမှ နှလုံး သား၏ တက်ခေါက်သံ ထွက်ပေါ် လာရသည်။
နှုတ်ခမ်းကို တင်းတင်းရင်းရင်း ကိုက်ပြီး လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားကြသော်လည်း သူတို့ဘာမှ မတတ်စွမ်းနိုင်ကြတော့ ပေ၊ ရှေ့ခရီးကိုဆက်ကြရမည်သာ။ အက်(စ်)အက်(စ်) မဟာရာဂျာ ၏ ဥဩသံမှာ စူးရှလှ၏။ သူတို့ နှလုံးသားမှာ ကျင်စက်နှင့် တို့လိုက် ဘိသို့ ခံစားလိုက်ရ၏။
အက်(စ်)အက်(စ်)မဟာ ရာဂျာ ထွက်တော့မည်။သူတို့ကို ပဲ့ပိုင်းရှိ၊ ယာယီ အချုပ်ခန်းထဲသို့ သွင်းလိုက်ပြီ။သူတို့မှာတစ်ယောက် မျက်နှာ ကိုတစ်ယောက် စူးစူးထင်ထင် ကြည့်နေကြစေကာမူ ပါးစပ်က လုံးဝစကားသံထွက် မလာသော် လည်း အသည်း နှလုံးက စကား တွေ အများကြီး ပြောနေကြသည်။
အက်(စ်)အက်(စ်)မဟာရာဂျာ သင်္ဘောကြီး ရန်ကုန် ဆိပ်ကမ်းကို ခွာခဲ့လေပြီ။ နေမင်းကြီးလည်း ဝင့်ဝင့်မြူးမြူး ထွက်လာချေပြီ။ရန်ကုန်မြစ်ဝ ရောက်သည်နှင့် သူတို့အားလုံးမှာ တိုင်ပင်ထားခြင်း မရှိပဲ အားလုံး ဒူးတုတ်လျက် လက်အုပ်ချီပြီး ဖြစ်နေကြသည်။ နေခြည်ဖြာကျသောကြောင့်ရွှေတိဂုံ စေတီတော်ကြီးမှာ ပြောင်ပြောင်
ဝင်းဝင်း ထင်းထင်းထည်ထည် ရှိနေသည်။ ရွှေရောင်ဝင်းဖြာနေသည့် ရွှေတိဂုံစေတီတော်ကြီးကို သုံးကြိမ်သုံးလီ မကသော ဦးချခြင်း ဖြင့် သူတို့ဦး ချနေကြ၏။စီးကျနေသော မျက်ရည် များရှိုက်ကြီးတငင် ငိုရှိုက်သံများမှာ ရွှေတိဂုံစေတီတော်ကြီး မြင်ကွင်းထဲ မှ မပျောက်မချင်း ထွက်ပေါ်နေ သည်။
နန်းရိပ် ပျောက်သော်လည်း ထီးရိပ်မပျောက်ကြ။မြန်မာလူမျိုးများ နန်းရိပ် ပျောက်ခဲ့သည်မှာ ကြာပြီ။ဒါပေသိ ထီးရိပ်ကတော့ မပျောက်။ရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ ထီးရိပ်မှာ မိုးဝင့်လျက်သာ။ သူတို့မှာမူ နန်းရိပ်သာမက ထီးရိပ်ပါ ပျောက်ရတော့မည်။ ရင်ထဲမှာ တနင့်တပိုးကြီး ခံစားလိုက်ရ၏။
အက်(စ်)အက်(စ်) မဟာရာဂျာ သင်္ဘောကြီးမှာ ရန်ကုန်မြို့မှ မိုင် ပေါင်း (၄ဝဝ)ကျော် ဝေးသည့် “ဂရိတ်အင်ဒါမန်ကျွန်း” ဝါ ကပ္ပလီ ကျွန်း၏ မြို့တော် “ပို့ဗလဲယား”မြို့ဆီသို့ ဦးတည်လျက်။ကျွန်းပို့ အကျဉ်းသား နှစ်ဆယ့်သုံးယောက်မှာ။
ရန်ကုန်ထောင်
ရန်ကုန်ထောင်ကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ ရွှေလရောင် မေးတင်ထားခြင်း ကို ခံထားရသော မည်းမည်းမြင့်မြင့် အုတ်ရိုးမှာမလှပ။ အလွန် အကျည်း တန်သော မိန်းကလေးတစ်ယောက်၏ ကိုယ်ပေါ်သို့ ပိုးဖဲကတ္တီပါ ဝတ်ရုံ လွှာကို ခြုံပေးထားသည်သို့နှယ် ရှိချေ၏။
ထောင်ကြီး၏ ပတ်ဝန်းကျင် ကိုလည်း တိတ်ဆိတ်မှုက လွှမ်းခြုံ ရစ်သိုင်းထားသည်။
ထောင်ကြီး၏ ပတ်ဝန်းကျင်တွင် လူသွားလူလာ လုံးဝမရှိ။ ထိုအချိန်က ရန်ကုန်ထောင်ပတ်ဝန်း ကျင်တွင် လူနေအိမ်ခြေမရှိလှ။ ကီလီလမ်းဘက်တွင်သာ တိုက်တစ်လုံးစ နှစ်လုံးစရှိသည်။
ယခုစည်ကားနေသော ဗဟိုစည် ကွက်သစ်ကြီးတွင် လူနေအိမ် ခြေလုံးဝမရှိ။နောင်ရန်ကုန် ထောင်ကြီး၏ တောင်ယာစိုက် ခင်းဖြစ်လာ မည့် ထိုနေရာတွင် မြက်တောနှင့် ချုံပုတ် များက မင်းမူနေသည်။
ရန်ကုန်ထောင်ကြီးမှာလရောင် အောက်တွင် ထီးထီးမည်းမည်းကြီး။ ဗဟို ဘူးစင်ကြီးပေါ်မှ ခေါက် လိုက်သည့် သံချောင်းခေါက်သံမှာ ထောင်အုတ်ရိုးပတ်လည်တွင် ရှိနေ သော မျှော်စင်လေးများဆီသို့ ကူးစက်သွားပြီး မျှော်စင်လေးများပေါ်မှ ခေါက်လိုက်သည့် သံချောင်းများ ဆက်တိုက်ထွက် ပေါ်လာသည်။
ဆယ့်တစ်နာရီထိုးပြီ . . ။
သန်းခေါင်ယံသို့ ရောက်၍ နောက်တစ်နေ့သို့ ကူးတော့မည့် သတိပေးသံချောင်း ခေါက်သံဟု ဆိုရလေမလား။
ရန်ကုန်ထောင်ထဲတွင် အကျဉ်းသားများကိုထားသည့် အိပ်ဆောင် ကြီးရှစ်လုံးရှိရာထောင်အဝင်အလယ် တွင်ဖောက်ထားသော မိန်းဂျေး(လ်) သို့ သွားသည့်မြေနီလမ်း၏ ဝဲယာ နှစ်ဘက်၌ အိပ်ဆောင်လေးလုံးစီ ရှိသည်။ ဝဲဘက်တွင် အိပ်ဆောင် ၁၊ ၂၊ ၃၊ ၄။ယာဘက်တွင် အိမ်ဆောင် ၅၊ ၆၊ ၇၊ ၈။အိပ်ဆောင် (၇)လုံးမှာ တစ်ပုံစံ တည်း။အိပ်ဆောင် တစ်ဆောင်တွင် အပေါ်အောက် အခန်းကျယ်ကြီး လေးခန်းဖွဲ့ထားရာ တစ်၊ နှစ်၊ သုံး၊ လေး၊ ခြောက်၊ ခုနစ်၊ ရှစ် အိပ်ဆောင် များ အခန်းဖွဲ့စည်းထားပုံမှာ ပုံစံတူ။
အဆောင်အမှတ် (၅) မှာမူ တစ်ပုံစံ။
ဖွဲ့ထားသည်မှာအခန်းကျယ်ကြီး များမဟုတ်။ အခန်းကျဉ်းကလေး တွေ။ အခန်းပေါင်း ငါးဆယ်ကျော် ရှိသည်။ အခန်းတစ်ခန်းတွင် တံခါး တစ်ခုစီသီးခြားသော့ခလောက် တစ် ခုစီခတ်ထား၏။ တစ်ခန်းတွင်အကျဉ်း သားတစ်ယောက်ပဲ ထားသည်။ထိုအချိန်က အထူးတန်းရသော အချုပ်သား၊ အကျဉ်းသား များကိုထားသော သီးခြား အိပ် ဆောင်ဖြစ်၏။
တိုက်ဆိုင်မှုဟူ၍ပဲ.. ဆိုရလေ မလားမသိ၊ နောင် ဖဆပလ အစိုးရ လက်ထက်တွင် ပုဒ်မ ငါးသမား များကို အဆောင်အမှတ်ငါးတွင် သီးခြားထားခဲ့၏။အဆောင်၏ နံပါတ်မှာ ၅။ နေရသူများကလည်း ပုဒ်မ ငါး ခေါ် သည့်အမည်မှာလည်း ငါးဆောင် ဟူပါ၍။ထိုအချိန်က အိပ်ဆောင်ကြီး ရှစ်လုံးတွင်ရှိသော အချုပ်သား အကျဉ်းသားဦးရေမှာ အလောတော် ရှိရုံမက ချောင်ချောင်ချိချိရှိသည်။တိတ်ဆိတ် ငြိမ်သက်နေသော ရန်ကုန်ထောင်ကြီးထဲတွင် လှုပ်ရှား နေသူများမှာ ဝါဒါ(ခေါ်)ထောင်ကြပ် များနှင့် ညဉ့်လှည့်ကျ ထောင်မှူး လေးများသာ။
အိပ်ဆောင်များကို လှည့် ပတ်စစ်ဆေးရသည့် ဝါဒါများ ထံမှ အသံနှင့် အိပ်ဆောင်ထဲမှ အိပ်ဖန်စောင့် အလှည့်ကျသည့် ဗာရာများ၏ အမေးအဖြေလုပ်သံမှာ နာရီဝက် တစ်ကြိမ်မှန်မှန်ထွက်ပေါ်နေသည်။ သူတို့၏ အသံများမှာ တိတ်ဆိတ်မှု ကိုဖောက်ထွင်းလျက် ကျယ်လောင် စူးရှာစွာ ထွက်လာစမြဲရှိ၏။
“နံပါတ်ဝမ်းဆေး(ဖိ)”
“အောင်းဆေး”အင်္ဂလိပ်လိုမေး၍ အင်္ဂလိပ်လို ဖြေလိုက်သံပါ။
အသံထွက် မမှန်သဖြင့် အဓိပ္ပာယ်ကောက်ရန် ခက်ခဲပါလိမ့်မည်။
မေးသည်က - - -
“အဆောင်နံပါတ်တစ် လုံခြုံမှု ရှိရဲ့လား” ဟု မေးလိုရင်း ဖြစ်၏။
ဖြေသူက - - -
“အားလုံး လုံခြုံ ပါသည်။ အားလုံး ကောင်းပါသည် ခင်ဗျား” ဟု ဖြေဆိုလိုက်ခြင်းပါ။
“ဝမ်းဆေး” “တူးဆေး" “အောင်ဆေး”
အသံများမှာ တစ်ညဉ့်လုံး တရစဉ်တရစပ်ထွက်နေသည်။
“ဝမ်းဆေး” “တူးဆေး”“အောင်ဆေး” အသံများနှင့် အတူ အုတ်ရိုးပတ် တာဝန်ကျ ဝါဒါများ၏ တုတ်နှင့်အုတ်ရိုး ကိုရိုက်သွားသည့် အသံများမှာလည်း မှန်မှန်ပင် ထွက်ပေါ်လျက် ရှိနေသည်။
အုတ်ရိုးလှည့် ဝါဒါများမှာ အုတ်ရိုးကို မှန်မှန်မလှည့်ဘဲ တစ် ချောင်ချောင်တွင် ဝင်အိပ်နေ၍ မရ သလို “ဝမ်းဆေး” “တူးဆေး “အောင်ဆေး” သမားများသည် လည်း မှန်မှန် မအော်၍မရပေ။
သူတို့အော်သံကို ဘူးကြီး ပေါ် က ထောင်ကြပ်အုပ်ကနား စွင့်နေသည်။ အော်သံမကြားလျှင် ချက်ကင် လိုက်မည်။
အုတ်ရိုးလှည့်ဝါဒါများ မှန်မှန် လှည့် မလှည့်ကိုလည်း ဂေါ်လီ များက ဖော်ကောင်လုပ်လိမ့်မည်။ အုတ်ရိုးလှည့်ဝါဒါများမှာ နံပါတ်စဉ်ထိုးထားသော ဂေါ်လီလုံးကလေး များကိုယူ၍ အုတ်ရိုးထောင့် လေး
ထောင့်ရှိ ပုံးများထဲသို့ ထည့်ရသည်။
ဂေါ်လီမှန်မှန် ထည့် မထည့်ကို ထောင်ကြပ်အုပ်နှင့် ထောင်မှူး လေးများက အမြဲတမ်း “ချက်ကင်” လိုက်နေသည်။
မလှည့်ဘဲ နေလို့တော့ဖြင့် ဂေါ်လီလုံးက သက်သေခံလိမ့်မည်။
ငြင်းလို့ မရ။
အဲ - - - အုတ်ရိုးကို တုတ်နှင့် သွားခေါက်သည်မှာလည်းအကြောင်း ရှိသည်။ အကြောင်းက တိကျခိုင်လုံ သောအကြောင်းတော့ မဟုတ်။ ကောလာဟလမှ အရင်းခံလာသောအကြောင်း။
“ရန်ကုန်ထောင်ကို ဆောက်တုန်းက ထောင့်လေးထောင့်မှာ အစောင့်အရှောက်အဖြစ် လူလေး ယောက်ကို စတေးပြီး မြှုပ်နှံထား သည်တဲ့”သည် ကောလဟလက ထောင်ထဲမှာ အခိုင်အမာ ပျံ့လွင့်နေ သည်။ အကျဉ်းသားတွေကလည်း ကြောက်ကြသည်။
ဝါဒါများကလည်း ကြောက်ကြသည်။ ပြေးချင်သည့် ထောင်သားက အိပ်ဆောင်အခန်းသော့နှင့် အဝင် တံခါးပေါက် သော့ကိုဖွင့်နိုင်ဦးတော့အုတ်ရိုးအစောင့်သရဲကို ကြောက်ပြီး မပြေးဝံ့ကြ။
အုတ်ရိုးလှည့်တာဝန်ကျ ဝါဒါများမှာ သူတို့လက်ထဲတွင် ပါသည့်တုတ်နှင့် အုတ်ရိုးကို တစ်ဒေါက် ဒေါက်ခေါက်သွားပြီး တုတ်ကို ဟိုယမ်းသည်ယမ်း လုပ်၍ သွားကြ သည်။
ထိုသို့ အသံပေးခေါက်သွား သည်မှာ အုတ်ရိုးစောင့် သရဲကို ကြောက်လို့။
မည်သို့ပင်ဖြစ်စေ ကောလ ဟလသတင်းက အခိုင်အမာ သတင်းထက်ယုံကြည်မှု ပိုရှိသော ကြောင့် အကျဉ်းသား လုံခြုံမှု အတွက် တစ်ဘက်တစ်လမ်းမှ အထောက် အကူပေးခဲ့သည်ဟု ဆိုရပေမည်သာ။
ဆက်ပါဦးမည်။………………………………
ကျော်မြသန်း