တာတီး အပိုင်း - ၁
ကျွန်ုပ်၏ မွေးဖွားခြင်းသည် ခြေဖဝါး၊ လက်ဖဝါးဟု ပြောရမည်ဖြစ်၏။ လူသားတစ်ယောက်အဖြစ် လူ့လောက ထဲသို့ တရားဝင်ရောက်ရှိလာသည့်တိုင် အဖေဟုခေါ်စရာ လောက်လောက်လား လား မရှိခဲ့။ အမေဆိုတာက ပိုဆိုး၏။ ကျွန်ုပ် လူမှန်းသိစအရွယ်ကတည်းက ပင် အမေဆိုတာကို မကြားဖူး မသိဖူး၊ မမြင်ဖူးခဲ့။ ကျွန်ုပ် မှတ်မိချိန်တွင် ကျွန်ုပ် ၏ကောင်းကင်သည် သင်္ချိုင်းစောင့်ကြီး ဦးတာတီးဖြစ်၏။ ဦးတာတီးသည်သာ ကျွန်ုပ်၏အဖေဖြစ်သလို အမေလည်းဖြစ်၏။ ဦးတာတီးသည် ကျွန်ုပ်အား ကျွန်ုပ်၏မိခင်နှင့် ဖခင်အကြောင်းအား အခါအားလျော်စွာ ပြောပြဖူးပေ၏။
“ဒါတွေကို ပြောပြရတာက လူ လေးသိထားဖို့ပဲကွ၊ လောကမှာ လူတစ် ယောက်ဖြစ်ဖြစ်၊ ခွေးတစ်ကောင်ဖြစ်ဖြစ် ဖြစ်လာတယ်ဆိုကတည်းက အဖေဆို တဲ့ သတ္တဝါနဲ့ အမေဆိုတဲ့ သတ္တဝါနှစ်ခု ကာမစပ်ယှက်လို့ ဖြစ်လာရတာမျိုးကိုး ကွ။ ဒါတွေကို ငါပြောပြနေရတာက လူလေးမှာ တခြားလူတွေလို အဖေ တွေ၊ အမေတွေ ရှိတယ်ဆိုတာ သိစေ ချင်လို့ပဲ။ ဒါပေမဲ့ အခု မင်းအဖေ ဘယ် သူလဲဆိုတာ ငါမသိဘူး။ မင်းအမေ ဘယ်သူလဲဆိုတာတော့ ငါသိတယ်။ ဟောဟိုက မြေပုံမို့မို့အောက်မှာ မင်း အမေရှိလေရဲ့။ သူ့တော့ ဘာမှသွားမေး လို့ မရနိုင်တော့ဘူးကွ လူလေးရ။ သူက သေသွားပြီ။ လူလေးအနေနဲ့ လော လောဆယ် ဒီလောက်သိထားရင် လုံ လောက်ပြီ။ နောက်တော့ တဖြည်းဖြည်း သိလာမှာပေါ့။ ဒါနဲ့စကားမစပ် လူလေး အဘနဲ့ ဒီသင်္ချိုင်းမှာနေရတာ ပျော်ရဲ့ လားကွ”ဟု ကျွန်ုပ်အား မေးရာ ကျွန်ုပ်ကလည်း“ ပျော်တာပေါ့ ဘိုး ရာ၊ ဒီလောက် ပျော်စရာကောင်းတဲ့နေရာ ဒီကမ္ဘာပေါ်မှာ နောက်တစ်နေရာ ရှိမှာတောင် မဟုတ်ဘူး”ဟု ပြန်ဖြေ လိုက်ရာ အဘိုးဦးတာတီးသည် ကျွန်ုပ် ၏ပြောစကားအား သဘောကျလွန်း သဖြင့် တဟားဟား ရယ်မောလေ၏။ အဘိုးတာတီး ရယ်သဖြင့် ကျွန်ုပ်လည်း ရောရောင်၍ ဝင်၍ ရယ်မောမိလေ၏။ နှစ် ယောက်သား အားရအောင် ရယ်မော ပြီးနောက် “ဒီလိုရှိတယ်ကွ လူလေးရ၊ လောကမှာ လူရယ်လို့ ဖြစ်လာမှဖြင့် ပျော်ရာမနေရ၊ တော်ရာနေရဆိုတဲ့ စကားကလည်း ရှိတယ်ကွ။ နောက်ပြီး တစ်ရွာမပြောင်း၊ သူကောင်း မဖြစ်ဆို တဲ့ စကားကလည်း ရှိနေပြန်တော့ကာ လူလေးအနေနဲ့“ ဟုဆိုကာ စကားကို ရပ်ထားလိုက်လေ၏။
ထိုအခါ ကျွန်ုပ်က “အဘိုးက လည်းဗျာ၊ ပြောမှာဖြင့် ဆက်ပြောပါဗျ။ ကျုပ်က ဘာလုပ်ရမှာတုံး” ဟု လောဆော်လိုက်လေ၏။ အဘိုးတာတီးက တွေးတွေးဆဆဖြင့် “လူလေးက ဒီမှာ နေလို့ မရတော့ဘူးကွ”ဟု ပြောလေ ၏။ ကျုပ်က “ဒီမှာမနေလို့ ဘယ် သင်္ချိုင်းကုန်းမှာ သွားနေရမှာတုံးဗျ”ဟု စိတ်ပေါက်ပေါက်နှင့် ပြောလိုက်ရာ အဘိုးတာတီးက တဟားဟားရယ်မော ရင်း “လူလေးက ဘယ်သင်္ချိုင်းကုန်းမှ သွားနေစရာ မလိုတော့ပါဘူးကွ။ ဘုန်း ကြီးကျောင်းမှာ သွားနေရမှာပါ။ လူ လေးစာသင်ရမယ်လေ။ လူလေး စာ တတ်ဖို့အတွက် ဘုန်းကြီးကျောင်းကို သွားနေရမယ်ကွ။ ကျုပ် ဘုန်းကြီးကို သွားနေလည်း လျှောက်ပြီးပါပြီ။ ကဲ . . . လူလေး။ အထုပ်အပိုးပြင်ပေတော့”ဟုဆိုလေ၏။ “အဘိုးကလည်းဗျာ၊ ကျုပ်က အထုပ်အပိုးပြင်ရအောင် ကျုပ်မှာ ဘာတွေများရှိလို့တုံးဗျ”ဟု အော်၍ပြောလိုက်ရာ အဘိုးတာတီးက “အဲဒီ ဘာမှမရှိတာကိုက ပိုကောင်းတာကွ လူလေးရ။ ဘာမှမရှိတော့ ဘာမှသယ်စရာမလိုတော့ဘူးပေါ့ ဟုတ်ဘူးလား”ဟုပြောလေ၏။ “ဟိုရောက်ရင်လည်း ဘာမှလုပ်စရာ မလိုဘူး။ ဘုန်းကြီးထားတဲ့နေရာမှာ နေလိုက်ရုံပဲကွ။ အခု လူလေး ဘုန်းကြီးကျောင်းမှာ စာသွားသင်ရမယ်ဆိုတာလည်း ဘာမှမရှိအောင်လုပ်ဖို့ ပညာတွေ သွားသင်ရမှာကွ”ဟု ကျွန်ုပ်အနေဖြင့် ဘာမှနားမလည်သော စကားများကို ရှင်းပြလေ၏။
“ကျုပ်မသိဘူး အဘိုးရာ၊ လောလောဆယ် ကျုပ်သိတာ ငိုချင်တယ်ဗျ။ကျုပ်အဘိုးနဲ့ မခွဲချင်ဘူး။ နောက်ပြီးလူတွေနဲ့ မနေချင်ဘူးဗျ၊ ရွံတယ်”ဟုရှုံ့မဲ့မဲ့နှင့်ငြင်းရာ အဘိုးက “လူလေးပြောသမျှ စကားတွေထဲမတော့ ဒီစကားကို အကြိုက်ဆုံးပဲကွ။ ဒါပေမဲ့ -လူလေးက လူတွေနဲ့ မနေချင်တာကနေနေမကျလို့ မနေချင်တာကွ။ အမှန်က လူတွေကို ကြောက်လို့ မနေချင်တာမျိုး ဖြစ်ရမှာ။ အဲဒီလိုဖြစ်ဖို့ကလည်းလူတွေနဲ့အရင် အတူနေကြည့်မှ ဖြစ်မယ်ကွ လူလေးရ။ ဒါတွေကို လူလေးလောလောဆယ်နားလည်ဦးမှာ မဟုတ်ပါဘူးလေ။ နောက်တော့ နားလည်လာပါလိမ့်မယ်။ ကဲ . . . အခုတော့ ဘုန်းကြီးကျောင်းကို သွားကြဦးစို့ လူလေး ရေ”ဟုဆိုကာ ကျွန်ုပ်အား လက်ဆွဲ၍ ဘုန်းကြီးကျောင်းသို့ ထွက်ခွာခဲ့လေ၏။
အဘိုးတာတီးသည် ကျွန်ုပ်အား ဆရာတော်ထံတွင် အပ်နှံလေ၏။ ဆရာ တော်က “ကလေးနာမည်လဲ ပြောဦး လေ ဒကာရဲ့”ဟု မေးလေ၏။ အဘိုး တာတီးက “ကလေးနာမည်က တာတီး ပါဘုရား”ဟု ပြန်ဖြေလေ၏။ ဆရာ တော်က “ဟေ. . . ကလေးနာမည်က လည်း တာတီးပဲလားဟ”ဟု မိန့်လိုက် ရာ အဘိုးတာတီးက “ဒါတင်ဘယ်က မလဲ ဘုရား၊ တပည့်တော် မွေးထားတဲ့ ခွေးကြီးနာမည်ကလည်း တာတီးပါပဲ ဘုရား” ဟုပြန်လျှောက်လေ၏။ “ဒါဖြင့် ဒကာကြီးတို့ဟာက တစ်ယောက်နဲ့တစ် ယောက် နာမည်ခေါ်ရင် အဆင်ရောပြေ ကြရဲ့လား”ဟု မေးလေ၏။ အဘိုး တာတီးက “ပြေပါတယ် ဘုရား။ တပည့် တော်တို့ သုံးယောက်မှာက နှစ်ယောက် က လူ၊ တစ်ယောက်က ခွေးဆိုတော့ အဆင်ပြေတယ်ဘုရား” ဆရာတော်က ဘာမျှပြန်မမိန့်တော့ဘဲ ပြုံး၍သာနေ လေ၏။ ၊ အဘိုးတာတီးက “တပည့်တော် ဆန္ဒကတော့ ဒီကလေးကို စာတတ် ပေတတ်ကလေးဖြစ်ပြီး လူတောသူတောထဲ ဝင်ဆံ့စေချင်တာပါဘုရား”ဟု လျှောက်ထားရာ ဆရာတော်က “အင်း လေ၊ ဒကာကြီး ရည်ရွယ်ချက်က ကောင်း ပါတယ်။ သာဓု သာဓု သာဓု”ဟု ပြန် ၍မိန့်လေ၏။ ၊ အဘိုးတာတီးသည် ဆရာ တော်အား‘ ဦးသုံးကြိမ်ချကာ ပြန်သွား လေတော့၏။ ကျွနိုပ်က “အဘိုး” ဟုလှမ်းအော်ခေါ်လိုက်သည့်တိုင် ကျွန်ုပ် အား လှည့်၍မျှပင် မကြည့်တော့ပေ။ ကျွန်ုပ်သည် ဝမ်းအနည်းကြီးနည်းကာ ချုံးပွဲချ၍ ငိုလေ၏။ ကျွန်ုပ် မည်မျှငို နေသည်မသိပေ။ ကျွန်ုပ်အား တစ်စုံ တစ်ယောက်က လာ၍ထိလိုက်မှ သတိ ထားမိသွားလေ၏။ “ဟဲ့ . . . ကောင် လေး၊ ငိုမနေနဲ့တော့။ လာ... ရေချိုးရ အောင်။ မင်းကြည့်ရတာ ညစ်ပတ်နေ တာပဲ”ဟု ပြောသဖြင့် မော့ကြည့်လိုက် ရာ ကျွန်ုပ်ထက် အသက်အနည်းငယ် ကြီးသော ကိုရင်တစ်ပါးဖြစ်နေရာ ကျွန်ုပ် ကလည်း အားကျမခံ “ကိုရင်က အပေါ် ယံကြည့်ပြီး ညစ်ပတ်တယ် ပြောတာ ကိုး။ အတွင်းစိတ်က ဖြူစင်ပါတယ် ဘုရား”ဟုပြန်၍ တွယ်လိုက်၏။ ကိုရင် က “အောင်မယ် … မင်းက အလာကြီး ပဲ။ ငေါ့...“ဟု အန်ချင်ယောင် ပြုလိုက် ၏။ ထို့နောက် ကိုရင်သည် ကျွန်ုပ်အား ရေမိုးချိုးပေး၏။ ဆင်ချေးတုံးဆပ်ပြာဖြင့် တစ်ကိုယ်လုံးတိုက်ကာ ချေးများကိုတွန်း ပေး၏။ “မင်းတော်တော် ညစ်ပတ်တဲ့ ကောင်ပဲကွ”ဟုလည်း ပါးစပ်က ဗျစ် တောက်ဗျစ်တောက် လုပ်သေး၏။ ရေ မိုးချိုးပြီးသောအခါ အတော်အတန် လတ်သော အဝတ်အစားများ ထုတ်၍ ပေးလေ၏။ “ရော့. . . ဒါကိုဝတ်၊ အဲဒါ ငါ ကိုရင်မဝတ်ခင်က နောက်ဆုံးဝတ်ခဲ့ တဲ့ အဝတ်တွေပဲ။ ငါလျှော်ပြီး သိမ်း ထားတာ၊ မင်းဝတ်လိုက်တော့။ မင်း လည်း သိပ်ကြာကြာ ဝတ်ရမှာ မဟုတ် ပါဘူးကွာ။ သင်္ကန်းတောင်း ကျက်လို့ရ သွားရင် ကိုရင်ဝတ်ရမှာပါ။
လောလော ဆယ်တော့ မင်းက စာမတတ်တော့သင်္ကန်းတောင်းကို နှုတ်တိုက်ချပေးရ မှာပဲ။ လောလောဆယ် ဆွမ်းစားဆောင် ထဲမှာ ကျောင်းသားတွေနဲ့ ညစာသွား စားတော့”ဟုဆိုကာ ကျွန်ုပ်အား တွန်း၍ လွှတ်လိုက်လေတော့၏။ ကျွန်ုပ်သည် လူဖြစ်လာကတည်းက တစ်ခါမျှ ယခု ကဲ့သို့ ရေမိုးချိုးခြင်း၊ ချေးညှော်များတွန်း ခြင်း၊ အဝတ်အစားသစ်များ ဝတ်ဆင် ခြင်း မပြုဖူးသဖြင့် ကျွန်ုပ်၏ကိုယ်သည် ပေါ့ပါးလန်းဆန်း၍နေပေ၏။ စိတ်ဓာတ် များလည်း တက်ကြွနေသယောင် ရှိ လေ၏။ကျွန်ုပ် ဆွမ်းစားဆောင်အတွင်း ရောက်သွားသောအခါ ကပ္ပိယကြီး က ထမင်းများထည့်ထားသော ပန်းကန် တစ်ချပ်ထဲသို့ ဟင်းရည်ပျစ်ပျစ်များ ခပ် ထည့်ကာ “ကောင်လေး၊ ရော့ ဟောဟို နားမှာ ထိုင်စား” ဟုဆိုကာ ပေးလိုက် လေ၏။ ကျွန်ုပ်သည် ကပ္ပိယကြီးပေး သော ထမင်းပန်းကန်ကိုကိုင်ကာ ပြတင်း ပေါက်တစ်ခုနားသို့ သွားကာ ထိုင်စား နေလိုက်၏။ ထိုနေ့ညနေက စားရ သောထမင်းသည် ကျွန်ုပ်ဘဝတွင် တစ် ခါဖူးမျှ စားရဖူးခြင်းမရှိသော ထမင်း နှင့်ဟင်း ဖြစ်လေ၏။ ကောင်းလိုက်သည့် ဖြစ်ခြင်း။လူတွေပြောပြောနေတဲ့ နတ် သုဒ္ဓါဆိုတာမျိုးထင်တယ်ဟုလည်း တွေး နေမိ၏။ ဟင်းဖတ်များထဲတွင် ဝက်သား တုံးတစ်တုံးလည်း ပါလာ၏။ ငါးဖတ်များ လည်း တွေ့၏။ ဘဲဥအစိတ်ကလေးများ လည်း တွေ့မိ၏။ အရသာမှာ အလွန် ကောင်းလှ၏။ ကျွန်ုပ်သည် ဤမျှ ကောင်းသော ဟင်းအမည်အား သိချင် မိ၏။ သို့သော် မမေးရဲသဖြင့် မမေးဘဲ နေလိုက်၏။ ကျွန်ုပ်သည် ကပ္ပိယကြီးထည့်ပေးသော ထမင်းနှင့် ဟင်းများ အား အားလုံးကုန်အောင် စားပစ်လိုက် သည့်တိုင် မဝသေးဘဲရှိသဖြင့် ပန်းကန် အား လက်ဖြင့်သပ်ကာ လက်အားလျှာ ဖြင့် လျက်နေမိ၏။ “ဟဲ့ - - - ကောင် လေး၊ မဝသေးဘူးလား။ လာ ငါထပ် ပေးမယ်”ဟု ကပ္ပိယကြီးက လှမ်း အော်လိုက်သောအခါ ကျွန်ုပ်သည် အပြေးတစ်ပိုင်းထ၍သွားမိ၏။ ကပ္ပိယ ကြီးက ကျွန်ုပ်အား ထမင်းအနည်းငယ် နှင့် ဟင်းအနည်းငယ် ထပ်ထည့်ပေး လိုက်၏။ ကျွန်ုပ်သည် ကပ္ပိယကြီး ထည့်ပေးသော ထမင်းနှင့်ဟင်းများအား ကုန်စင်အောင် စားပစ်လိုက်၏။ ကျွန်ုပ် ၏ဗိုက်မှာ အတော်ပင် တင်းသွားပြီဖြစ် သဖြင့် ပော့ခနဲနေအောင် လေချဉ်ကို တက်လိုက်လေ၏။ ထို့နောက် ပန်းကန် - ကိုင်ကာ ယောင်လည်လည်ဖြစ်နေစဉ် ကပ္ပိယကြီးက “ဟေ့ကောင်လေး၊ လာ ဒီကို၊ မင်းပန်းကန်ကို ဒီမှာဆေး၊ ပြောင် အောင်ဆေးနော်။ ဆေးပြီးရင် ပန်းကန် ကို ဟောဟိုက ပန်းကန်စင်ပေါ်မှာ သွား ထား။ ပြီးရင် မင်းလက်ကိုစင်အောင် ဆေး၊ လက်ဆေးတာ မစင်ရင် ညကျ မင်းလက်ကို ကြွက်ကိုက်လိမ့်မယ်” ဟု ပြောလေ၏။ ကျွန်ုပ်သည် လက်ဆေးပြီး သောအခါ လက်အား ဘောင်းဘီဖြင့် သုတ်ရန်ပြင်လေ၏။ “ပော့ကောင်လေး၊ ဟောဒီကတိုင်မှာ ချည်ထားတဲ့ သင်္ကန်း အဟောင်းက လက်သုတ်ဖို့ပဲ။
ဟောဒီ မှာလာသုတ်”ဟု အမိန့်ပေးပြန်၏ - - ။ ကျွန်ုပ်မှာလည်း ကပ္ပိယကြီး ခိုင်းသည့် အတိုင်း လုပ်ရပြန်၏။ ဒါတွေက မင်း ဒီမှာနေသမျှ နိစ္စဓူဝ လုပ်ရမယ့်ကိစ္စတွေပဲ။ မှတ်ထားကောင်လေး ကြား လား”ဟု ပြောပြန်၏။ ကျွန်ုပ်သည် ကပ္ပိယကြီးပြောသော နိစ္စဓူဝဆိုသော စကားကို နားမလည်ဘဲရှိ၏။ သို့သော် မမေးရဲသဖြင့် မမေးဘဲနေလိုက်၏။ စား သောက်ခြင်း ကိစ္စများပြီးသောအခါ ကျွန်ုပ်အား ကပ္ပိယကြီးက “ကောင် လေး၊ ငါနဲ့လိုက်ခဲ့ပေတော့”ဟုဆိုကာ ကျောင်းအောက်ထပ်ရှိ အခန်းတစ်ခန်း ထဲသို့ ခေါ်သွားလေ၏။ “မင်းဒီမှာ ငါနဲ့ အိပ်ရမယ် ကြားလား။ ညကျရင် မင်း ကို ဘုရားရှိခိုးသင်ပေးမယ်။ မင်းက စာမတတ်တော့ ငါဆိုတာလိုက်ပြီး မှတ် ထားပေါ့ကွာ။ ကြာတော့ အလွတ်ရ သွားမှာပေါ့။ နောက်ရက်တွေကျရင် မင်းကို ကိုရင်ကြီးတစ်ပါးက သင်္ကန်း တောင်း သင်ပေးလိမ့်မယ်။ သင်္ကန်း တောင်းရရင် မင်းကို ဘုန်းကြီးက ကိုရင် ဝတ်ပေးလိမ့်မယ်ကွ။ အဲဒီအခါကျရင် မင်းစာသင်ရမယ်”ဟု ပြောလေ၏။ ကျွန်ုပ်သည် သင်္ကန်းတောင်းဆိုသော စကားအား နားမလည်ဘဲရှိ၏။ သို့သော် မမေးရဲသဖြင့် မမေးဘဲ နေလိုက်၏။ “မင်း အားတဲ့အချိန်ကျရင်တော့ ငါဖိုး ထိုးတဲ့အခါ ဖားဖိုကို ဝိုင်းဆွဲပေးပေါ့ ကွာ”ဟု ပြောပြန်လေ၏။ ကျွန်ုပ်သည် ကပ္ပိယကြီးပြောသော ဖားဖိုဆိုသော စကားအား နားမလည်ဘဲရှိ၏။ သို့သော် မမေးရဲသဖြင့် မမေးဘဲ နေလိုက်၏။
ဆက်ရန်ရှိသေးသည်။......