သင်္ချိုင်းမြေပေါ်မှ ပျော်ပွဲစား - အပိုင်း ၁
လူ့စိတ်သဘာဝသည် ကြောက်လန့်တတ် သောသဘောရှိ၏။ ပြင်ပ ပယောဂခြောက်လန့်ခြင်းခံရ၍ ကြောက်လန့်ရခြင်း ရှိသလို မိမိစိတ်ကပင် ပြန်လည်ခြောက်လန့်ခြင်းကြောင့် ကြောက်လန့်ရခြင်းများလည်း ရှိနေလေ၏။ ကြောက်လန့်သည့် အခါတိုင်း တစ္ဆေခြောက်ခံရသည်ဟု ယူဆလေ့ရှိပေသည်။ တစ္ဆေသည် အမှန်ရှိသည်ဟု ယူဆရမည် ဖြစ်ပေသည်။
တစ္ဆေယုံသော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုသိုက်တိုးသည် မကြာသေးသော လကွယ်ညက နေအိမ်၌ တစ်ယောက်တည်း ရှိနေစဉ်ထူးဆန်းသော ခြောက်လန့်မှုခံရပြီးနောက်ပိုင်း တစ္ဆေတကယ်ရှိကြောင်း လုံးဝယုံကြည် သွားပေတော့၏။
ကိုသိုက်တိုးသည် လူဖြောင့်စိတ်တို တဇွတ်ထိုးသမားဖြစ်၏။ ဘာကိုမျှ အလေးအနက်မထားတတ်ဘဲ ကိုယ်လုပ်ချင်ရာ စွတ်လုပ်တတ်သော ကိုသိုက်တိုးသည် တစ္ဆေခြောက်ခံရပြီးနောက်ပိုင်းတွင် အရာရာ ချင့်ချိန်တတ်သူတစ်ယောက်ဖြစ်သွား လေတော့၏။ ချင့်ချိန်လွန်းအားကြီးသဖြင့်လည်း ဘယ်အရာကိုမျှ မဝံ့မရဲဖြစ်သွားရပေ၏။
မိတ်ဆွေကြီး ကိုသိုက်တိုးက ကျွန်ုပ်အား သူတစ္ဆေခြောက်ခံရသည့် လကွယ်ည အဖြစ်သနစ် ကိုပြောပြခဲ့ပေရာ ကျွန်ုပ်က ပြန်လည်ဖောက်သည်ချ လိုက်ရပေတော့သတည်း။
ခလောက်စုရွာမှာ သိုက်တိုးနေသည်။
အသက် လေးဆယ်ကျော် လူပျိုသိုးကြီး မိမွေ ဖမွေ အသင့်တင့်ရရှိခဲ့သည်မို့တောင့်တောင့်တင်းတင်း နေနိုင်သည်။ သိုက်တိုးက အဖော်မင်သည်။ အပေါင်းအသင်းအပေါ် ကောင်းသည်။
ခလောက်စုရွာက ကာလသားတွေသာမက ရွာနီးချုပ်စပ်မှ ကာလသားများပင် ကိုသိုက်တိုးနှင့် မဆက်ဆံဖူးသူမရှိ။မကြာခဏဆိုသလိုပင် ကာလသားများစုဖွဲ့၍ တအုန်းအုန်း တရုန်းရုန်းပျော်ပွဲစား လေ့ရှိတတ်သည်။
ညလုံးပေါက် သောက်လိုက်စားလိုက်ဆိုလိုက် ကလိုက်ဖြင့် ရှိနေတတ်သည်။ ကိုသိုက်တိုး အိမ်ကလည်း ရွာအစွန်ဖက်တွင်ရှိနေခြင်းကြောင့်သာ တော်ပေသေး၏။ ကိုသိုက်တိုး ကိုယ်တိုင်ကလည်း အသောက်အစားမင်သူဖြစ်နေပေရာ အရက်
နှင့်ပတ်သက်၍ တွန့်တိုခြင်းမရှိခဲ့။
တစ်နေ့ -
"မနက်ဖြန်ည တို့ ဝိုင်းဖွဲ့ရအောင် ဒီတစ်ခါ ထူးထူးခြားခြား ဖြစ်သွားအောင် အိမ်မှာမလုပ်ဘူး"ဟု ကိုသိုက်တိုးက ကာလသားများကို ပြောလိုက်၏။ တစ်ယောက်က -
"ဘယ်မှာလုပ်မှာတုံး" မေးတော့
"သင်္ချိုင်းကုန်းမှာ"
ဟု တုံးတိဖြေလိုက်သည်။ ပေါက်ပေါက်ရှာရှာတော့လုပ်ပြီဟူသော အမြင်ဖြင့် တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့ ကိုသိုက်တိုးက -
"မလိုက်ရဲတဲ့သူ နေခဲ့ပေါ့ကွာ။ အမဲသားနဲ့ အမြည်းလုပ်မယ်။
ဘုန်းမြတ်သာခေါင်